gg

Monday, August 31, 2009

အလုပ်သမားထု နှင့် လယ်သမားထုသို့ ပန်ကြားချက်

ဂျပန် ရွေးကောက်ပွဲ အတိုက်အခံ အပြတ်အသတ်နိုင်

ဒီနေ့ ဂျပန်နိုင်ငံမှာ ကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲမှာ အတိုက်အခံ ဒီမိုကရက်တစ် ပါတီDPJက အနိုင်ရနေတယ်လို့ မဲပေးပြီးသူတွေရဲ့ သဘောထားစစ်တမ်းတွေ ဖော်ပြပြီးနောက် DPJက အစိုးရသစ်ဖွဲ့ကို စတင်ပြောဆိုနေပါတယ်။ ဂျပန်လွှတ်တော် ၂ရပ်မှာ ပိုပြီးတော့ သြဇာညောင်းတဲ့ အမတ်နေရာ ၄၈၀ရှိတဲ့ အောက်လွှတ်တော်မှာ ဒီမိုကရက်တွေက အမတ်နေရာ ၃၀၀ကျော် ရလိမ့်မယ်လို့ သတင်းမီဒီယာတွေရဲ့ သဘောထား စစ်တမ်းတွေမှာ ဖော်ပြနေပါတယ်။ တကယ်သာ တရားဝင် အနိုင်ရခဲ့ရင် နှစ်ပေါင်း ၅၀ကျော် တောက်လျှောက် အုပ်ချုပ်လာခဲ့တဲ့ လက်ရှိအာဏာရ Liberal Democratic Party (LDP) ရဲ့ အုပ်ချုပ်မှု အဆုံးသတ်သွားမှာ ဖြစ်ပါတယ်။ဂျပန်နိုင်ငံမှာ လက်ရှိရင်ဆိုင်နေရတဲ့ စီးပွားရေး ပြဿနာကို စိုးရိမ်နေကြ သူတွေနဲ့ နိုင်ငံရေး အပြောင်းအလဲကို လိုလားနေတဲ့ အသက်အရွယ်ကြီးတွေက လက်ရှိအာဏာရပါတီကို မဲမပေးကြဘူးလို့ မဲမပေးခင် ကောက်ခံတဲ့ သဘောထားစစ်တမ်းတွေမှာ တွေ့ရပါတယ်။ အတိုက်အခံ DPJဟာ တခြားပါတီငယ်တွေရဲ့ ထောက်ခံမှုနဲ့ အထက်လွှတ်တော်မှာ အနိုင်ရထားပြီးသား ဖြစ်ပါတယ်။ ဒါပေမဲ့ အောက်လွှတ်တော်မှာပါ အနိုင်ရရင်တော့ DPJ ခေါင်းဆောင် ယူကီအို ဟတိုယာမ ဟာ ဂျပန်နိုင်ငံရဲ့ ၀န်ကြီးချုပ်သစ် ဖြစ်လာမှာ ဖြစ်ပါတယ်။ တရားဝင် မဲရလဒ်တွေတော့ ဂျပန်စံတော်ချိန် တနင်္လာနေ့ အစောပိုင်းလောက်မှာ သိရနိုင်မှာပါ။

ဝန်ကြီးချုပ်သစ် ဖြစ်လာဖို့ အလားအလာများနေတဲ့ အသက်၆၂နှစ်အရွယ် မစ္စတာ ဟတိုးယာမ ဟာ ဂျပန်နိုင်ငံမှာ နိုင်ငံရေး အရ သြဇာညောင်းတဲ့ မိသားစုက ဆင်းသက်လာခဲ့သူ ဖြစ်ပြီး အချမ်းသာဆုံး လွှတ်တော်အမတ်တယောက်လည်း ဖြစ်ပါ တယ်။ သူ့ရဲ့ အဖိုး ၀န်ကြီးချုပ်ဟောင်း အီချီရို ဟတိုးယာမ ဟာ ၁၉၅၅ခုနှစ်ကတည်းက တောက်လျှောက် ဂျပန်ကို အုပ်ချုပ် လာတဲ့ LDPပါတီကို တည်ထောင်နိုင်ရေး ကြိုးပမ်းခဲ့သူ တဦးဖြစ်ပါတယ်။ သူကိုယ်တိုင်ကလည်း တချိန်က LDP ပါတီဝင် တဦးဖြစ်ခဲ့သူ ဟတိုးယာမ က အလုံးစုံ အပြောင်းအလဲဖြစ်အောင် လုပ်ဆောင်သွားမယ်လို့ ကတိပေးထားပါတယ်။ အမေရိကန် Standford တက္ကသိုလ်က အင်ဂျင်နီယာဘွဲ့ရပြီး၊ စကားကို သိမ်သိမ်မွေ့မွေ့ ပြောတတ်သူက ဂျပန် နိုင်ငံကို အမေရိကန် စီးပွားရေးလို အလွန်အကျွံ အရင်းရှင် ဆန်မှုကနေ ဖယ်ခွာအောင်လုပ်မယ်လို့လည်း ပြောပါတယ်။

(ဂျပန်နိုင်ငံရဲ့ ၀န်ကြီးချုပ်သစ် ဖြစ်တော့မဲ့ယ့် Mr. HATOYAMAဟာဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးမှုရှိသူသာမက ပါတီရဲ့ DPJ လွှတ်တော်အမတ်တွေဟာ မြန်မာ့ဒီမိုကရေစီရေး ကူညီဆောင်ရွက်သော ဂျပန်လွှတ်တော်အမတ်များအဖွဲ့ GIREN ရဲ့အဖွဲ့ဝင်တွေလည်းဖြစ်ပါတယ်။
မြန်မာပြည်ဆိုင်ရာ ဂျပန်အစိုးရရဲ့မူဝါဒတွေဟာ ပြေင်းလဲလာနိုင်ဘွယ် ရှိသလားဆိုတာကို ဂျပန်ရောက်မြန်မာနိုင်ငံသားတွေကြား စိတ်ဝင်စားနေကြပါတယ်။
)
(voa)

Sunday, August 30, 2009

မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ်၃လ၊(၇၅)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနားကျင်းပ


မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ်၃လ၊(၇၅)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနားကို ဂျပန်နိုင်ငံတွင် NLD(ဂျပန်)မှ`ဦးစီး၍ နအဖအခွန်ရုံးရှေ့တွင် ယနေ့ကျင်းပပြုလုပ်ခဲ့ကြပါသည်။
ဓာတ်ပုံ။ ။ kopour

“ကာတွန်းဆိုတာ ရယ်စရာတခုတည်း မဟုတ်ဘူး…”

ဧရာဝတီ
ကိုယ်ချစ်ခင်တဲ့ အနုပညာရှင် တယောက်ရဲ့ ဘဝ အစိတ်အပိုင်း အချို့ကို သိရတဲ့ အတွက် မေးမြန်းတဲ့ သတင်းထောက် အေးချမ်းမြေ့ကိုရော ဧရာဝတီကိုရော ကျေးဇူး တင်မိပါတယ်။

ကာတွန်းဟန်လေးသည် ရှမ်းပြည်နယ်တွင် မွေးဖွားခဲ့ပြီး ဖခင်ထံမှ အနုပညာအမွေအနှစ် လက်ဆင့်ကမ်း ရယူခဲ့သူဖြစ်သည်။ ပန်းချီပညာကို ၁၉၈၂ ခုနှစ်က ရန်ကုန် ပန်းချီ ပန်းပု အနုပညာကျောင်းတွင် တက်ရောက် သင်ကြားခဲ့ပြီး လက်ဦးဆရာများဖြစ်သော ပန်းချီ ဦးသုခ၊ ဦးဘလုံလေး၊ ဦးဘကြည်နှင့် ဦးတင်အေးတို့ထံမှ ပန်းချီ ပညာများ ဆည်းပူးခဲ့သည်။ နောက်ပိုင်းတွင် ပန်းပုပညာကိုလည်း သင်ယူခဲ့သည်။ ၁၉၈၈ နောက်ပိုင်း ပြည်ပ၌ နိုင်ငံရေးကာတွန်းများကို စိုက်လိုက်မတ်တတ် ရေးဆွဲခဲ့ရာ ဧရာဝတီမဂ္ဂဇင်းတွင် ပင်တိုင် ကာတွန်း ဆရာအဖြစ် အများအသိအမှတ်ပြုရသည့် နိုင်ငံရေး ကာတွန်းများ၊ သရုပ်ဖော်ပုံများကို ၆ နှစ်ကြာ ရေးဆွဲခဲ့ပြီး ဖြစ်သည်။ ၎င်း ရေးဆွဲခဲ့သော ဧရာဝတီ မဂ္ဂဇင်းကာတွန်းများထဲမှ ရွေးချယ်၍ ကာတွန်းပေါင်းချုပ် ၁ ကို ၂၀၀၆ တွင် ထုတ်ဝေခဲ့ပြီး ယခု မကြာသေးခင်က ကာတွန်း ပေါင်းချုပ် အမှတ် ၂ ထုတ်ဝေခဲ့ပြီး ဖြစ်သည်။ ယခုအခါ ဇနီးသည်၊ သမီးငယ်နှင့်အတူ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပန်းချီနှင့် ကာတွန်းများစွာ ရေးဆွဲရင်း အေးချမ်းစွာနေထိုင်လျက်ရှိသော ကာတွန်းဟန်လေး၏ ကာတွန်းအပေါ်အမြင်၊ နိုင်ငံရေးအပေါ်သဘောထား၊ နိုင်ငံရေး ကာတွန်းဆရာ တဦး၏ ဘဝ အစရှိသည်ဖြင့် ဧရာဝတီ သတင်းထောက်အေးချမ်းမြေ့က တွေ့ဆုံ မေးမြန်းထားပါသည်။

မေး။ ။ မကြာသေးခင်က ထွက်ခဲ့တဲ့ ကာတွန်းစာအုပ်နဲ့ပတ်သက်ပြီး ကိုဟန်လေး ဘယ်လိုခံစားရလဲ။

ဖြေ။ ။ ဒီလို စာအုပ်လေးတွေ လုပ်ခွင့်ရတဲ့အတွက် ကျေနပ်ပါတယ်၊ ဂုဏ်လည်းယူပါတယ်။ ကျနော် ဧရာဝတီမဂ္ဂဇင်းမှာ နိုင်ငံရေး ကာတွန်းတွေ ရေးလာတာကြာပါပြီ။ တပတ်ကို ၂ ပုံလောက် အနည်းဆုံး ရေးဖြစ်တယ်။ တလကို ၈ ပုံပေါ့။ အဲဒီထဲက ကောင်းနိုးရာရာတွေ ရွေးထုတ်ပြီး ၂၀၀၆ တုန်းက ကာတွန်း ပေါင်းချုပ် အမှတ် ၁ ထွက်ခဲ့ပြီးပါပြီ။ ဒီစာအုပ်က အမှတ် ၂ ပေါ့။ ပုံ ၂၀၀ လောက်ထဲက အကောင်းဆုံး လို့ယူဆတဲ့ ပုံ ၅၀ ကိုရွေးထုတ်ထားတာပါ။ အမှန်အတိုင်းပြောရရင် ကျနော် သိပ်အားမရ သေးပါဘူး။ နောက် ထပ် အမှတ် ၃ ထွက်ဖို့လည်း စီစဉ်နေပါတယ်။ နောက်တအုပ်ထွက်ရင် ဒီ့ထက် ပိုကောင်းအောင် လုပ်ဖို့ ရည်ရွယ်ထားပါတယ်။

မေး။ ။ နိုင်ငံရေး ကာတွန်းတွေကိုပဲ စိုက်လိုက်မတ်တတ် ဆွဲနေတဲ့အပေါ် ကိုဟန်လေးရဲ့ ခံစားချက်ကို ပြောပြပေးပါ။

ဖြေ။ ။ ကိုယ့်နိုင်ငံရဲ့ အခြေအနေကို အားမရတဲ့အတွက် ကာတွန်းကိုပဲ တစိုက်မတ်မတ် ဆွဲနေရတယ်။ ကျနော် ကာတွန်းစဆွဲတဲ့အချိန်ကနေစပြီး ခုချိန်ထိတခုတည်းကိုပဲ လှောင်ပြောင်နေရတာ စိတ်ထဲမှာ အားမရ ဘူး။ မပျော်ဘူး။ ဒီမိုကရေစီရတဲ့နိုင်ငံဆိုရင် ၄ နှစ်ကို တခါလောက် ပြောင်းပြီး သရော်လို့ရတယ်လေ။

အခုကျတော့ ဒီနအဖ တခုတည်းကိုပဲ သရော်နေရတယ်။ သူတို့ တခုလုပ်မယ်ဆို ကြိုပြီးဆွဲထားလို့ ရတယ်။ ဘာလုပ်မယ်ဆိုတာ ကြိုသိနေတယ်။ ဒါက ကျနော်တယောက်တည်း သိတာမဟုတ်ဘူး။ ပြည်သူအားလုံး သိနေကြတာ။

မေး။ ။ နိုင်ငံရေး ကာတွန်းတွေကို ရေးနေတဲ့ ကာတွန်းဆရာ တယောက်အနေနဲ့ နိုင်ငံရေးဆိုတာကို ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ ကာတွန်းနဲ့ နိုင်ငံရေးဆိုတာ လင်မယားလိုပဲ။ သတင်းသမားလိုပဲပေါ့။ သတင်းသမား မရှိလို့ မရသလို၊ ကာတွန်းမရှိလို့လည်းမရဘူး။ နိုင်ငံရေးသမားက ကာတွန်းဆရာကို မုန်းလည်း မုန်းနိုင်တယ်၊ မရှိလို့လည်းမရဘူး။ အဲဒီလိုပဲ နိုင်ငံရေးသမားမရှိရင် ကာတွန်းဆရာဆိုတာလည်း မရှိနိုင်ဘူး။ ဒါပေမယ့် ကာတွန်းတွေက ပြည်သူတွေကို ထင်ဟပ်တယ်၊ အစိုးရဘက်က မရပ်တည်ဘူး။ ကာတွန်းဆိုတာ ရယ်စရာ တခုတည်း မဟုတ်ဘူး။ မီဒီယာတခုလိုလည်း သုံးနိုင်တယ်၊ လူတွေကို ပညာပေးတာကအစ ဓာတ်ပုံနဲ့ ပြ လို့မကောင်းတာတွေကို ကာတွန်းနဲ့ သရုပ်ဖော်ရင် ရိုင်းမသွားဘူး၊ အသုံးတည့်တယ်။ နောက်တခုက ပညာ ပေး အဆင့်မဟုတ်ရင်တောင် အထောက်အကူတခုတော့ ဖြစ်တယ်။ အသက်ကြီးတဲ့ အထိ အဲဒီအကြောင်း အရာကို ကာတွန်းကြောင့် မှတ်မိနေနိုင်တယ်။ ဥပမာ - ကျနော်ဆို ငယ်ငယ်က ဖတ်ခဲ့ရတဲ့ ဦးဘကြည်ရဲ့ ရုပ်ပြပေါ့။ ကျန်စစ်သားနဲ့ ငရန်မန်ကန်း အကြောင်းလေ ..။ အနှစ် ၃၀ လောက် ရှိနေပြီ မျက်စိထဲက မထွက် သေးဘူး။

မေး။ ။ ဒီလို ဒီမိုကရေစီလမ်းကြောင်းပေါ်သွားနေတဲ့ မီဒီယာတခုမှာ ကာတွန်းဆရာတယောက်အနေနဲ့ ပါဝင်ခွင့်ရတဲ့အတွက် ဘယ်လိုခံစားရပါသလဲ။

ဖြေ။ ။ ဂုဏ်ယူပါတယ်၊ ဒါပေမယ့် အတိုင်းအတာတခုထိတော့ အားမရသေးဘူး။ ပြည်တွင်းက ကာတွန်း ဆရာတွေက အချုပ်အနှောင်ကြားမှာ ရေးရတဲ့အတွက် ဒါက အရည်အချင်းတခုလို ဖြစ်လာတယ်။ အားမရဘူးဆိုတာ ဒီထက် ပိုလုပ်သင့်တယ်လို့ ထင်တယ်။ ဒါပေမယ့် အကြံလည်း မထုတ်တတ်တော့ဘူး။ မချင့်မရဲဖြစ်တယ်။ အယားဖြေပေးသလောက်ပဲ လုပ်နိုင်တာကိုး။ အဲဒီထက် ပိုပေးချင်တယ်။

ဒါပေမယ့် တခုရှိတာက ကာတွန်းဆရာတိုင်း အစိုးရတခု ပြောင်းလဲလောက်အောင်တော့ မစွမ်းဆောင် နိုင်ပါဘူး။ ဒါပေမယ့် သမိုင်းကိုတော့ ကောင်းကောင်း မှတ်တမ်းတင်ပေးနိုင်ပါတယ်။

မေး။ ။ ကိုဟန်လေး လေးစားခဲ့တဲ့၊ အတုယူခဲ့ရတဲ့ ကာတွန်းဆရာ၊ သရုပ်ဖော်ဆရာတွေက ဘယ်သူ တွေလဲ။

ဖြေ။ ။ သရုပ်ဖော်တာဆိုရင်တော့ ဦးဘကြည်ကို အကြိုက်ဆုံးပဲ၊ သွက်တာဆိုရင်တော့ ကာတွန်း ဝင်းမောင်၊ လူတွေကိုထိသွားအောင် ပြောချင်တာကို ထိထိမိမိပြောတဲ့နေရာမှာတော့ ကာတွန်း အော်ပီကျယ် ပေါ့။

မေး။ ။ ကိုဟန်လေးက ကာတွန်းကော၊ ပန်းချီပါဆွဲတာဆိုတော့ အဲဒီနှစ်ခုအပေါ် ကိုဟန်လေးရဲ့ ခြားနားတဲ့ အမြင်ကို ပြောပြပါဦး။

ဖြေ။ ။ ကာတွန်းနဲ့ ပန်းချီတမျိုးစီ စွဲလမ်းတယ်။ ပန်းချီကို ခံစားချက်နဲ့ ရေးမယ်၊ တိုက်ဆိုင်လို့ တခြား တယောက်က ကြိုက်ချင်လည်း ကြိုက်မယ်၊ မကြိုက်ချင်လည်း မကြိုက်ဘူး။ ဒါက ကိုယ့်ရဲ့ခံစားချက် အတိုင်း ပေါ့။ ကာတွန်းကျတော့ သူများရဲ့ခံစားချက်ကို မျှဝေခံစားပြီးဖော်ပြပေးတာ၊ ဥပမာ - ပြည်သူတွေရဲ့ ဘဝ ဘယ်လိုဆိုးတယ်ဆိုတာမျိုး ခံစားပြီးတော့ ရေးပေးတာပေါ့။ ကာတွန်းက အပေး၊ ပန်းချီကျတော့ အယူပေါ့။

မေး။ ။ ကာတွန်းဆိုတာကို ကိုဟန်လေးဘယ်လို အဓိပ္ပာယ်ဖွင့်မလဲ။

ဖြေ။ ။ ကာတွန်းဆိုတာ သတင်းသမားလိုပဲ လက်ခုပ်တီးတာလည်းရှိတယ်၊ အဆဲခံရတာလည်း ရှိ မယ်။ ဒီနှစ်မျိုးလုံး ကိုလက်ခံပါတယ်။ နောက်ပြီး ကျနော့် ကာတွန်းပေါင်းချုပ်မှာပြောထားသလိုပဲ ကာတွန်း ဆိုတာ ကလေးလိုပဲ။ အပြစ်ကင်းတယ်။ သူမြင်တာကို မြင်တဲ့အတိုင်း မခြွင်းမချန်ပြောမယ်၊ ဘယ်သူ့ဘက်မှ မလိုက်ဘူး။

မေး။ ။ ကိုဟန်လေးက ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ပုံကိုဆွဲတာ တော်တော်ပီပြင်တာပဲနော်။

ဖြေ။ ။ ဒါကတော့ သူ့ပုံကိုပဲ ဆွဲလာရတာ နှစ် ၂၀ လောက်ရှိပြီကိုး။

မေး။ ။ ဗိုလ်ချုပ်မှူးကြီးကို အခုချိန် ရုတ်တရက်တွေ့မယ်ဆိုရင် ဘာပြောမိမယ်ထင်လဲ။

ဖြေ။ ။ ဗိုလ်ချုပ်မှူးကြီးက ဒီလောက်စွမ်းတဲ့ အာဏာတွေ ပါဝါတွေကို ခါးမှာပဲချိတ်ထားတယ်။ နိုင်ငံတော်နဲ့ ပြည်သူတွေအတွက် အဲဒါကို ခေါင်းထဲ ဖြစ်ဖြစ်၊ နှလုံးသားထဲကိုဖြစ်ဖြစ် သွင်းလိုက်ရင် အရမ်းကောင်းသွားမှာပဲလို့ ပြောချင်တယ်။

Burma Update on MNDAA - 29 August 2009